Sunday, September 23, 2007

လုပ်မယ် သာပြောသည် .. အခုတလော ဘာမှမယ်မယ်ရရ သိပ်မလုပ်ဖြစ်သေး ...။ စလုံးရေးတာ တော်တော် ကြာပြီ အခုထိတော့ စမဖြစ်သေး .။ သို့ပေမယ့် စလုံးက သူငယ်ချင်းနဲ့တော့ တိုင်ပင်ထားသည်. ..။ဘစ်ကား ပေါ်က အမှတ်မထင် စာသားလေးကို သတိရ၍ ဖောက်သည်ချဦးမည် ..။အချိန်ရှိတိုင်းတွေးပါ .. တွေးရင်း အချိန် မကုန်ပါစေနှင့် ...။ အကြံပေါ်လျှင် ချက်ချင်း ထလုပ်ပါဟူ၏ ....။ ထိုအထဲကအတိုင်း ကျွန်တော် တွေးကြည့်သည် ..။ ကျွန်တော်တို့သည် ကွန်ပျူတာနယ်ပယ် ဆီသို့ ခြေဦးတည်ထားပြီ ဖြစ်သည် ..။ သို့သော် ကွန်ပျူတာ နှင့် သိပ်အကျွမ်း တ၀င်မရှိလှသေး ..။ အတွေ့ အကြုံအားဖြင့် နုနယ်လှသေး၏။ ကျွန်တော်တို့ ဆည်းပူး လေ့လာရန်များစွာ ကျန်ရှိနေသေးသည် ..။ သို့သော် ဆည်းပူးရင်း နှင့်လည်း အချိန်ကုန်၍ မဖြစ်သေး ။ အကောင်အထည် ဖေါ်ရဦးမည်ဖြစ်သည် ..။ကျွန်တော်ကွန်ပျူတာဆိုတာဘာလဲသိပါ၏ ။ သို့သော် ထိုအသိ သည် ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်နေသော ပတ်ဝန်းကျင် ၌သာအသုံးတည့်၍ ကွန်ပျူတာ ဖြစ်သော်လည်း ကျွန်တော် မထိတွေ့ဖူးသည်မှာ များစွာရှိသေး၏ ..။ မှတ်မှတ်ရရလွန်ခဲ့သည့် နေ့က ကျွန်တော့်အလုပ်ထဲ နိုင်ငံခြား သားတစ်ဦး သူ၏ကိုယ်ပိုင် ကွန်ပျူတာဖြင့် သုံးချင်သည်ဆိုပြီး ယူချလာသည် ..။ ကျွန်တော်လည်း ၄င်းအား အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်ရန် လိုအပ်သော configure လုပ်ပေးရန်သူ၏ ကွန်ပျူတာ အားကြည့်လိုက်ရာ ရင်ထဲ့သို့ ဆို့တက်သွားသည် ..။ ဟိုက်သေရော သောက်ရှက် ကွဲပြီထင်သည် .။ သူ၏ ကွန်ပျူတာက သာမာန် Laptop မဟုတ် အဖုံးတွင် ပန်းသီး ကြွက်ကိုက်ထားသောပုံဖြင့် MacBook pro ဖြစ်နေသည် .။ ကျောင်း၌သင်ဖူးပါသည် .. Mac OS သည် Apple computer များ၏ OS ဖြစ်ကြောင်း ..။ အနည်း ငယ် လည်းကြားဖူးနားဝတော့ရှိပါသည် ..။ သို့သော် မထိတွေ့ဖူးခဲ့ ယခုအကြိမ်သည် ပထမအကြိမ် ဖြစ်သည် ..။GUI ဖြစ်သောကြောင့် နားလည် လွယ်သော်လည်း တစ်ခါမှ အထိအတွေ့ မရှိဖူးသေးသော ကျွန်တော့် အတွက်တော့ အခက်တွေ့လှသည် ..။ တော်တော်နှင့် မရကြာတော့ ခေါင်းရှုပ်လာသည် ..။ သူ၏ ကွန်ပျူတာ အား ဆိုင်ရှိ Network အတွင်း ဆက်သွယ်နိုင်ရန်အတွက် နားလည်သူ တစ်ဦးက၀င်ရောက် ဖြေရှင်းပေးသွားသည် ..။ ထိုအချိန်မှကျွန်တော်သက်ပြင်း ချနိုင်တော့သည် ..။ ထိုနိုင်ငံခြားသား ပြန်သွား သောအခါ ကျွန်တော့် ရင်ထဲ အတွေးပေါင်း များစွာ တို့ကျန်နေခဲ့သည်။ ငါဟာကွန်ပျူတာ ကျောင်းသား တစ်ယောက် ၊ပြီးတော့ ကွန်ပျူတာဆိုတာ ကိုလေ့လာနေသူတစ်ယောက် ဖြစ်ပါလျက် ဤသို့ ဖြစ်ပျက်ရ ခြင်းကား လွန်စွာပင် ရှက်စရာ ကောင်းလှတော့သည် ..။ ကျွန်တော်သိပါသည် ..။ ဟိုစပ်စပ်ဒီစပ်စပ် ..။ Microsoft Window သာမက MS-DOS ကိုပင်လေ့လာခဲ့သေးသည် ..။ ထိုမျှနှင့် ကျွန်တော်ရောင့်ရဲ တင်းတိမ်ပြီး ကိုယ့်ကိုကိုယ်သိပြီဟုအထင်ရောက်ခဲ့မိသည် ..။ ဟောအခုလက်တွေ့ ရင်ဆိုင်ရသော အခါတွင် ထိုမျှသိရုံနှင့်မဖြစ် ..။Mac OS များအကြောင်းလည်း ကျွန်တော်စာတွေ့လေ့လာဖူးပါသည် ..။ စာထဲတွင် တော့ သိသည် ..။သို့သော်လက်တွေ့မရှိခဲ့ .. တကယ် ကွန်ယက်ချိတ်ဆက် ပေးဖို့ကျတော့ ကျွန်တော် အခက်အခဲ ကြုံရတော့သည် ။ Microsoft Window ဖြင့် သာရင်းနှီးခဲ့သော ကျွန်တော် အကယ်၍ Window အသုံး မပြုသော နေရာတွင် ကွန်ပျူတာကို ကျွန်တော် ထိခွင့်ရှိမည်မဟုတ်တော့ ..။ အဲဒီလိုတော့ ဘယ်တော့မှ အဖြစ် မခံနိုင် ..။ Professional အဆင့် ထိမဟုတ်ရင်တောင် သာမာန် User အဆင့်လောက်တော့ တတ်ထား သင့်သည် ..။ မြန်မာနိုင်ငံမှာ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့သူ အတော်များများဟာ Window နှင့်သာ အထိ အတွေ့ များပြီး တခြား Operating System များနှင့်အနည်းငယ်ဝေးကွာနေကြသည် ..။ Window ၏ GUI သည် ကျွန်တော်တို့နှင့် ရင်းနှီးပြီးသားဖြစ်သလို တစ်ခြား ယင်းနဲ့ ဆက်နွယ်နေတဲ့ ဆော့ဝ်၀ဲ တော်တော် များများဟာလည်း ဒီမှာ ရလွယ်တာကြောင့် ၄င်းကို အသုံးများရခြင်း ဖြစ်မည်ဟု ကျွန်တော်ထင်သည် ..။ Copyright အကြောင်းတော့ ထည့်မပြောတော့ပါဘူး ..။ အားလုံးသိပြီးသား ဖြစ်နေကြပြီဖြစ်လို့ ..။ လက်ရှိ ကွန်ပျူတာ ကိုလေ့လာလိုက်စား နေသူတစ်ယောက်အနေဖြင့် Operating System တစ်ခုတည်းသာ သုံးနိုင်၍မဖြစ်ဟု ကျွန်တော်ထင်သည် .။တစ်ခြား OS များကိုလည်းတတ်သိနားလည်သင့်သည် ဟု ကျွန်တော် မြင်သည် .။ တွေးနေ၍မဖြစ်လက်တွေ့လုပ်မှဖြစ်မည် ..။ Mac OS တစ်ခုတည်းကိုသာ ရည်ညွှန်းခြင်း မဟုတ်ပါ ...။နာမည်ကြီး OS များစွာရှိပါသေးသည် ။ယင်းတို့ကိုလည်းကျွန်တော်တို့ အနည်းငယ် မျှသုံးတတ်ရန် လိုအပ် သေးသည်ဟု ကျွန်တော်ယူဆသည် ..။ Opensource OS ဖြစ်သည့် Linux အကြောင်းကိုလည်း သိထားရန် လိုအပ်ပါသည် ။ Open Source တစ်ဝက် Close Source တစ်ဝက်ဖြစ်သည့် Solaris အကြောင်း လည်းသိထားရန် လိုအပ်ပါလိမ့်မည် ..။ VAX ကွန်ပျူတာများတွင် တွေ့ရသည့် Open VMS ကိုလည်း ကျွန်တော်တို့ ကြားဖူးနားဝရှိရဦးမည် ..။ ပြောနေ၍မဖြစ် လုပ်မှဖြစ်မည် .။ တစ်ခုခုလုပ်ရမည်ဆိုသော ကျွန်တော် လုပ်စရာတစ်ခုတော့ တွေ့ပါပြီ ..။ မဟုတ်ပါ တစ်ခုမကပါ တော်တော်များများ တွေ့ပါသည် .။ လုပ်နိုင်သလောက်တော့ လုပ်မည့် ကျွန်တော်ဖြစ်သွားပြီဖြစ်သည် ..။ အစကနဦးအနေဖြင့် ကျွန်တော် Open Source OS ဖြစ်သော Linux ကိုစတင် လေ့လာရန်ဆုံးဖြတ်လိုက်သည် ..။ CD ဆိုင်သို့မသွား ကိုယ်တိုင် အပင်ပန်းခံပြီး အင်တာနက်မှ ဒေါင်းလု လုပ်ယူသည် ..။ Ubuntu ကိုစ၍ဆွဲသည် ..။6 နာရီခန့်ကြာသည် ..။ ၄င်းအား စီဒီအသွင်ပြောင်း၍ စက်ထဲတွင် အင်စတော လုပ်ရန်ပြင်ပြီးမှသေပြီ ...လက်တလော install လုပ်လို့ မဖြစ်သည့်ပြဿနာ ပေါ်လာသည် ..။ Linux သုံးကြည့်မည်ဟု စိတ်ကူးထားပြီးမှတော့အပျက်မခံနိုင် CD ဖြင့် Boot လုပ်လို့ရသည်ဆိုသည့် Knoppix Linux ဆီသို့ကျွန်တော် ဦးတည်လိုက်သည် ..။ ၄င်းအတွက်နောက်ထပ် ၆နာရီမက သောအချိန် ထပ်ပေးလိုက်ရသည် .။ နောက်ဆုံးတော့ Linux နှစ်ခု လက်ထဲရောက်လာသည် ..။ လက်တလောတော့ CD ဖြင့်သာ linux ကို စမ်းတ၀ါးဝါး လေ့လာနေရသည် ..။ စာအုပ်များလည်း ဖတ်ရဖန်များ၍ မျက်လုံးက ပုလင်းဖင်အလိုရှိသည်ဟုကျွန်တော့်ကိုပူဆာနေလေပြီ ..။သို့သော် မတတ်နိုင် လုပ်စရာရှိတာ ကိုလုပ်ရမည် ..။Knoppix ကမဆိုးလှကျွန်တော့်အတွက် အနည်းငယ် အဆင်ပြေသည် ဟုဆိုရ မည် .။ X-window ထဲတွင် ကျွန်တော်အနည်းငယ် ဟိုကြည့်ဒီကြည့် လျှောက်လုပ်ကြည့်သည် .။ terminal , Shell စသည်ဖြင့် ကျွန်တော်လိုက်ကလိသည် ..။ လုံးဝမသိခြင်းထက် အနည်းငယ်သိလာခြင်းအတွက်
ကျွန်တော် ၀မ်းသာမိသည် .။ Office ကလည်းမဆိုးလှ ။ Linux တွင် Application အတော်များများက အသင့်ပါပြီးသား ဖြစ်နေသည် .။ ၄င်းကပင် ကျွန်တော်ကြိုက်နှစ်သက်ရသည့် အဓိကအချက်ဖြစ်လာသည် ။ Software Package များ ထက်မံ ထည့်သွင်းရခြင်းကို သက်သာစေသည် ။ ထိုထက် ကောင်းတာတစ်ခုက Hardware devices တော်တော်များများကို အလိုလျောက် Configure လုပ်နိုင်ခြင်းပင်ဖြစ်သည် ။ လက်ရှိ အခြေအနေရ နည်းနည်းသိသည် ဟုပြောလို့ ရပြီဖြစ်သည် .။ ကျွန်တော်များများသိလိုပါသည် ..။ သိသော သူများ ဝေမျှကြပါဟုအသနားခံပါသည် .။ သိလိုသူများလည်း တောင်းခံနိုင်ပါသည် .။ သိသလောက်တော့ ပြောပြရန် အသင့်ရှိပါသည် .။ သို့သော် ကျွန်တော်သည် သိသာသိသည် မတတ်သေးပါ ..။ တစ်ခုတော့ လုပ်ဖြစ်ပြီ ..။ လုပ်စရာများ ကျန်နေပါသေးသဖြင့် လေရှည်ခြင်းအား ဤတွင် ရပ်နားခွင့်ပြုပါရန် ...။

No comments: