Wednesday, September 19, 2007

တစ်ခုခုလုပ် ရမည်ဆိုတာသိသည် ..။ ဘာလုပ်မည် စဉ်းစားကြည့်တော့ ကိုယ်လုပ်တတ်တာ ကိုယ်လုပ်မည် ..။ ကိုယ်ဘာ လုပ်တတ်သလဲ ? မေးကြည့်တော့ လုပ်တော့ လုပ်နေတာပဲ .. မတတ်သေးတာ အဲဒီတော့ အဖြေက ဘာမှ မလုပ်တတ်သေးပါ ..။ ဟဟ အဖြစ်က ရယ်စရာကောင်းသည် ..။ ကျောင်းသင်ခန်းစာ တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် မရ ..။ အပြင်ဗဟုသုတ ကလည်း မပြည့်စုံ ...။ လုံးဝ ဥဿုံဗလာ နထ္တိ ..။ အရေးထဲ နှလုံးသား ကိစ္စက၀င်ရှုပ်သည် ..။တစ်ခါတစ်ရံ ဘာမှမလုပ်ပဲ ထိုင်ငိုင် တွေးတောနေမိသည် ..။ ဟိုဟာစပ်စပ် ဒီဟာစပ်စပ် လိုက်လုပ်သည် ..။ အပြင်းပြေ ကလေးများကို စာသင်သည် ...။ လူကြီးများကိုလည်း စာသင်သည် ..။ ကိုယ့်ကိုကိုယ် လည်းပြန်သင်သည် ..။ အခက်ဆုံးကတော့ ကိုယ့်ကိုကိုယ် ပြန်သင်ပေးရတာပဲ .။ စိတ်ပြေ လက်ပျောက် စာအုပ်စင်ထဲက စာအုပ်တစ်ချို့ ယူဖတ်ကြည့် မိသည် ..။ ကိုယ်နှင့်သက်ဆိုင်သော စာအုပ်များမှာ အတန်ငယ် ထူထဲနေသဖြင့် ခပ်ပါးပါးစာအုပ်များ လိုက်ရှာရင်း ဘာမဆိုင်ညာမဆိုင် ဆရာခင်မောင်သန်း၏ သိပ္ပံနည်းကျ တွေးခေါ်မှု စာအုပ်ကို ဆွဲယူကြည့်လိုက်မိသည် .။ အရေးအသားက စကားပြေဆန်ပြီး အဓိပ္ပါယ်ကို လိုရင်း တိုရှင်း ဖွင့်ဆိုပြထားသည် ..။ တစ်ချို့ နေရာတွင် အဖြစ်အပျက်လေးများဖြင့်ဖော်ကျူးထားသည် ..။ ထို အထဲ မှ ကျွန်တော် နှစ်သက်မိသော စာတစ်ပုဒ်အား ကျွန်တော့် ဘလော့ဂ်တွင် ပိုစ့်အသစ်တစ်ခု တိုးလာ စေခြင်း အလို့ငှာ ကော်ပီ & ပေ့စ်ပြန်လုပ်လိုက်ပါသည် ..။

တက္ကသိုလ်ကျောင်းသားများအငြင်းပွားလေ့ရှိသည့် ပြဿနာတစ်ခုမှာဤသို့ဖြစ်၏ ..။

"လူသားတစ်ဦးမျှ မနေသော တောအုပ်တစ်ခုတွင် သစ်ပင်တစ်ပင် လဲကျသွားသည် ။ထိုသို့လဲကျသွားမှုက အသံ ဖြစ် ပေါ်လာ စေသလော "

ဤမေးခွန်းက အဆုံးမရှိသော အငြင်းပွားမှုကို ဖြစ်ပေါ်လာစေသည် ..။ တောအုပ်ထဲတွင် သစ်ပင်ပြိုလဲသံကို ကြားမည့် လူသား တစ်ဦးမျှ မရှိသဖြင့် အသံမဖြစ်ပေါ် ဟုကျောင်းသား တစ်ဦးကပြော၏ ။ နောက်တစ်ဦးက နားထောင်သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ သစ်ပင်ပြိုလဲမှုက လေထုအတွင်း လှုပ်ရှားမှုကို ဖြစ်လာစေသည် ။ ထိုလှုပ်ရှားမှုသည် အသံလှိုင်းများ ဖြစ်သည်ဟုငြင်းဆိုသည် ..။ ဤအတိုင်းသာ အငြင်းပွားနေကြမည် ဆိုပါက အချိန်သာကုန်သွားမည် ၊ သဘောတူညီမှုကားရကြမည်မဟုတ်ပေ ။ အဘယ့်ကြောင့်ဆိုသော် ဤပြဿနာမှ အဓိက စကားလုံးဖြစ်သောအသံကို အဓိပ္ပါယ်နှစ်မျိုးနှင့် အသုံးပြုနေသောကြောင့်ဖြစ်၏ ။သစ်ပင်လဲကျသော ဤပြဿနာတွင် အသံဟူသော စကားလုံးမှာအဓိပ္ပါယ် နှစ်မျိုးပေါက်နေသည် ..။တစ်မျိုးမှာ "လေလှိုင်းများလှုပ် ရှားမှုကြောင့် လူသားတို့စိတ်အတွင်း ဖြစ်ပေါ်လာသောခံစားမှု ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ထိုခံစားမှုကို ဖြစ်ပေါ်စေသည့် ရုပ်ပိုင်းအခြေအနေ " တို့ဖြစ်သည် ..။ အသံဟူသော စကားလုံးကို အငြင်းပွားသူများက အဓိပ္ပါယ် နှစ်မျိုးနှင့်အသုံးပြုနေကြသည် ..။ ထို့ကြောင့်လူသားမရှိသော တောအုပ်တွင်သစ်ပင်လဲပြိုသော်လည်း အသံမရှိနိုင် ဟူသော ကျောင်းသား၏ ပြောဆိုချက်သည် မှန်ကန်သလို ၊ နားထောင်သူရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အသံရှိလိမ့်မည်ဟု ငြင်းခုံသည့် ကျောင်းသား သည်လည်း မှန်ကန်သည်ဟုဆိုရပေမည် ..။ စကားလုံး များ၏ အနက်အဓိပ္ပါယ် မရှင်းလင်းမှုကြောင့် လူသားအချင်းချင်း ဆက်သွယ်ရေးတွင် ပြဿနာများ ပေါ်ပေါက်လာသည် ..။ အဓိပ္ပါယ် မရှင်းလင်းမှုသည် ဖော်ပြပါ တစ်မျိုးသာမကလေးမျိုးပင် ရှိသည် ။ စာကြောင်းများ၏ အဓိပ္ပါယ် မရှင်းလင်းမှုကြောင့်လည်း ပြဿနာ ပေါ်ပေါက်လာနိုင်သည် ..။ ဘဲတစ်ကောင် ကိုရိုက်ခဲ့ တယ်ဆိုသော စာကြောင်းသည် အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်သည် ..။ ဘဲသတ္တ၀ါကိုရိုက်ခဲ့ခြင်း သို့မဟုတ် ယောက်ျား တစ်ယောက်ကိုရိုက်ခဲ့ခြင်း လည်းဖြစ်နိုင်သည် ။ ဘဲကိုရိုက်ခဲ့ခြင်း အတွက်ပြဿနာ မကြီးလှသော် လည်း ယောက်ျားတစ်ယောက်ကို ရိုက်ခဲ့သည်ဆိုပါက ပြဿနာတက်လာနိုင်ပေသည် .။" ခွေးသူခိုးတစ်ကောင် ကိုတွေ့ခဲ့တယ် " ဆိုသောစာကြောင်းတွင်လည်း ခိုးစားသောခွေး သို့မဟုတ် ခွေးခိုးသူတစ်ယောက် ဟူ၍ အဓိပ္ပါယ်နှစ်မျိုး ရနိုင်သည် .။ တတိယအမျိုးအစားမှာ စကားလုံးများ အပေါ် အလေးအနက်ထားမှု သို့မဟုတ် ပုဒ်ဖြတ်မှုကွဲလွဲ သည်နှင့်အမျှ အဓိပ္ပါယ်လည်းအမျိုးမျိုးထွက်လာနိုင်သည် ..။
" သူသည်မှန်ကန်သူဖြစ်သည် " ဟူသောစာကြောင်းတွင် ပုဒ်ဖြတ်သည့်စကားလုံးအပေါ် မူတည်ပြီး မှန်ကို ကန်သော သူ သို့မဟုတ် မှန်ကန်မှုရှိသူ ဟူ၍ဖြစ်လာနိုင်သည် .။ စတုတ္ထ အမျိုးအစားမှာ ပြောသော စကား၏ အရေးပါမှုဖြစ်သည် ..။ ဥပမာ - `ကျွန်တော် ဒီစာမေးပွဲကို ခိုးမချပါဘူးဆရာ ´ ဟုကျောင်းသားက ဆရာကို ပြောသည် ဆိုပါစို့ ၊ကျောင်းသားပြောဆိုချက်သည် သာမာန်ပင်ဖြစ်နိုင်သော်လည်း ဆရာက အဓိပ္ပါယ်ကောက် လွဲပြီး သံသယ ၀င်လာနိုင်သည် ။`ဒီကျောင်းသားဟာ ခိုးချနေကျလား ၊ ဒီစာမေးပွဲကျမှ ခိုးမချတော့တာလား ၊ သူ့စကားက ဘာကိုဆိုလိုတာလဲ ဟုဆရာ၏စိတ်တွင် တွေးတောမှု အမျိုးမျိုးဖြစ်လာနိုင်စေသည် ..။ အနက် အဓိပ္ပါယ် ကွဲပြားမှုကြောင့် ဆက်သွယ်ရေးတွင် ပြဿနာပေါ်ပေါက်လာရခြင်းဖြစ်ရာ ဤသို့ မပေါ်ပေါက်အောင် ကျွန်တော်တို့ ကာကွယ်မှုပြုရပေမည် ..။ အဓိကစကားလုံးကို မည်သည့်အဓိပ္ပါယ်နှင့် အသုံးပြုနေကြောင်း သိရပါက ကျွန်ုပ်တို့ အချင်းအချင်း ဆက်သွယ်မှုတွင် ပြဿနာ ပေါ်ပေါက် လာတော့မည် မဟုတ်တော့ပေ ။

No comments: